ဘိုကလေး ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ဘိုကလေးမြို့ပေါ် ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ဟောပြောပွဲမစတင်မီ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးဇော်ဝင်းလှိုင်တို့က ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကား အသီးသီး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းက ဟောပြောပြွ တက်ရောက်လာကြသူများအား ခွေးရူးပြန်ရောဂါ၏ အဓိပ္ပာယ်၊ ရောဂါကူးစက်ပုံ၊ ရောဂါဖြစ်ပွားသည့် ကာလ၊ ရောဂါလက္ခဏာများနှင့် ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)