ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

လွိုင်ကော် ဇူလိုင် ၁၃

ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများပပျောက်စေရန်နှင့် ကလေးသူငယ်များ အကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်၍ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီဝင်များက ပြန်လည်ဆွေးနွေးကြသည်။

ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပရာ ပြည်နယ်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)