ဟိုင်းကြီးကျွန်းမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆိုင်းဘုတ်များစိုက်ထူပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး အသိပညာပေးခြင်း လုပ်ငန်းများအရှိန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက် မြို့အဝင်တံတားဂိတ်၌ မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာန ဆိုင်ရာများသည် ဟိုင်းကြီးကျွန်းမြို့အတွင်းသွားလာနေကြသော ခရီးသွားပြည်သူများအား ဆိုင်ကယ်၊ သုံးဘီးမောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ၊ ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင်များ ပါရှိခြင်းရှိ/မရှိ၊ အရက်သေစာသောက်စား၍ ဆိုင်ကယ်၊ ကား၊ သုံးဘီးမောင်းနှင်ခြင်း ရှိ/မရှိနှင့် ဥပဒေနှင့်မလွတ်ကင်းသည့်ပစ္စည်းများ တင်ဆောင်လာခြင်း  ရှိ/မရှိ စသည်တို့ကို ကြည့်ရှု့စစ်ဆေးပြီး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ပတ်သက်သောဥပဒေများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအားအသိပညာပေး ပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)