ဆိပ်ဖြူမြို့၌ မြို့ပတ်လမ်းဖောက်လုပ်ခြင်းနှင့် ကျားကိုက်ချောင်းရေစီးရေလားကောင်းမွန်းရေး ဆောင်ရွက်မှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၌ ဆောင်ရွက်လျက်ရှိသည့် မြို့ပတ်လမ်းဖောက်လုပ်ခြင်းနှင့် ကျားကိုက်ချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက်ချောင်းအရင်းရှိ ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့ပတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်စီမံမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားလာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ မြို့ပတ်လမ်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါ၍ မြို့ပတ်လမ်းအား ယာဉ်ယန္တရာများဖြင့် ဆောင်ရွက်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်ရေးအတွက် ကျားကိုက်ချောင်းအရင်းရှိ ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။  လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ရှင်းလင်းတင်ပြီး လိုအပ်သည်များကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                         

ကိုဇွဲ (အညာမြေ)