ငွေဆောင် ဇူလိုင် ၁၃
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်တန်း ကျောင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် တရုတ် အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ်( ၃ )ရပ်ကွက်၊ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဆန်းချစ်၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်မှူး ဦးအောင်သူဦး၊ မြို့အဆင့် DMO ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ဟိုတယ်လုပ်ငန်းရှင်၊ ဟိုတယ်တာဝန်ခံများ၊သင်တန်းနည်းပြများ၊ ငွေဆောင်/ချောင်းသာဟိုတယ်ဇုန်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဖွင့်လှစ်ခဲ့သည့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းများမှတ်တမ်း Video Clip အား ကြည့်ရှုခဲ့ကာ သင်တန်းနည်းပြများ ၊ သင်တန်းသား၊သင်တန်းသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ ထို့နောက် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက သင်တန်းသား/သူများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ဟိုတယ်တာဝန်ခံများအား အမှာစကားပြောကြားကာ အခမ်းအနား အစီအစဥ်ကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းအား (၁၃.၇.၂၀၂၆)ရက်နေ့မှ ( ၁၈.၇. ၂၀၂၆) ရက်နေ့အထိ ယမုံနာဦးဟိုတယ်၌ ပို့ချသင်ကြားသွားမည်ဖြစ်ပြီး ငွေဆောင်/ချောင်းသာ ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်း(၇၂)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်လင်းဦး (ပြန်/ဆက်)