ပခုက္ကူခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေကန်(၃၀၂)လုံးဆောင်ရွက်ပေး

ပခုက္ကူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘာဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိသုံးစွဲနိုင်ရေး ရေကန်ပေါင်း(၃၀၂)လုံးအား ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ပခုက္ကုမြို့နယ် ကံလှကျေးရွာနှင့် ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာတို့တွင် ဂါလန်-၅၀၀၀ဆံ့ရေကန်(၂)လုံး၊ စုစုပေါင်းရေကန် (၃၀၂)လုံးအား ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်ထိ ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ကျေးရွာနေပြည်သူများထံ လုပ်ငန်းများလွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၁၉၉၇-၁၉၉၈ ဘဏ္ဍာရေးနှစ်မှယနေ့အထိ ခရိုင်အတွင်း ရေကန်ငယ်တူးဖော်ခြင်း(၂၁၁)ကန်၊ တိမ်ကောရေကန်တူးဖော်ခြင်း(၂)ကန်၊ ဂါလန်(၅၀၀၀)ဆံ့ မိုးရေစုကန်(၁၃)လုံး၊ ဂါလန်(၂၀၀)ဆံ့ မိုးရေခံကွန်ကရစ်ကန်(၄၀၀)လုံး၊ ဂါလန်(၁၀၀)ဆံ့ မိုးရေခံကွန် ကရစ်ကန်(၁၅၀)လုံး၊ မြေအောက်ရေအဝီစိတွင်းတူးဖော်ခြင်း(၁၅)တွင်းနှင့် ကျောက်စီနှုံးထိန်းတမံငယ်(၃၂၃)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အုန်းထံက သိရ သည်။

ဘာမီသာ(ပခုက္ကူ)