ကယားပြည်နယ်ဝန်ကြီးချုပ် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

လွိုင်ကော် ဇူလိုင် ၁၃

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးက “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးနှင့် UID ကတ်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် ကိုယ်တိုင်ကျခံရမည့် စရိတ်များအား ပြည်နယ်အစိုးရအဖွဲ့မှ ကျခံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခွင့်ရရှိခြင်းအားဖြင့် နိုင်ငံသားတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ခံစားရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦး၏ တာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “လမင်း” စီမံချက်အတွက် ဒုတိယအကြိမ် ထောက်ပံ့ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးကလက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ အသီးသီးပေးအပ်ပြီး အသက် ၁၀ နှစ် ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ၂၀၂၆ ခုနှစ် ဧပြီလမှစ၍လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့်ပြီးသူများအား ၂၀၂၆ ခုနှစ် ဇွန်လမှစ၍လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ၂၁၆၉ ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)