ပခုက္ကူ ဇူလိုင် ၁၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ပျားမွေးမြူရေးတိုးချဲ့ပညာပေးသင်တန်းဖွင့်လှစ်ပို့ချသည်။
သင်တန်းတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ထွန်းက သတ္တဗေဒဘာသာရပ်အထူးပြုကျောင်းသား ကျောင်းသူများအတွက် သီအိုရီပညာရပ်များနှင့်လက်တွေ့ကျွမ်းကျင်မှုများကို ပေါင်းစပ်သင်ယူနိုင်ရေး၊ သုတေသနစွမ်းရည်မြှင့် တင်ပေးနိုင်ရေးနှင့် အရည်အသွေးမြင့်မားသောဘွဲ့ရပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ ပျားမွေးမြူရေး တိုးချဲ့ပညာပေးသင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးကျော်ဌေးက သင်ကြားပို့ချပေးမည့်ဘာသာရပ်များနှင့် အကျိုးကျေးဇူးများအကြောင်းရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများနှင့်အတူ ကျောင်းသား ကျောင်းသူ များအား ဆက်လက်သင်ကြားပို့ချပေးသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပထမနှစ်မှ မဟာသိပ္ပံ (ဒုတိယ) နှစ်အထိ ကျောင်းသား ကျောင်းသူ ၇၂ ဦး တက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)