နတ်မောက် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူပေါင်း၍ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးသူရနှင့် တပ်ဖွဲ့ဝင်များက ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုအဖြစ်ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား/ သူများက ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှု ငြိမ်သက်ပါကအဆောက်အအုံနှင့် လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသရုပ်ပြခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်၍ ယာဥ်ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်းစသည့် သရုပ်ပြသမှုများကို ဆောင်ရွက်ပြသခဲ့ကြကြောင်း သိရသည်။
လှဝင်း