စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား ဆက်လက်ထုတ်ချေး

စလင်း ဇွန် ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရှမ်းစုကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိသည်။

ရှေးဦးစွာ စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှမန်နေဂျာ ဦးဌေးလွင်က တောင်သူလယ်သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ အရင်း၊ အတိုးနှင့် ဒဏ်တိုးများ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်း၊အတိုးများ ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့်  ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံအာမခံထားရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။

ထို့နောက် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးဌေးလွင်နှင့်ဝန်ထမ်းများက ရှမ်းစုကျေးရွာအုပ်စုမှ တောင်သူ ၉၉ ဦး၏ မိုးစပါး  ၅၅၅  ဧကအတွက် ချေးငွေကျပ် ၁၆၆၅.၀၀သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ယနေ့ထိ ကျေးရွာအုပ်စု  ၅ အုပ်စုမှ တောင်သူ(၅၄၇)ဦး၊ မိုးစပါးစိုက်ဧက ၂၃၀၉ ဧက၊ နှမ်း ၆၂ ဧက၊ စုစုပေါင်းဧက ၂၃၇၁ ဧကအတွက်ချေးငွေပေါင်း ကျပ်၇၀၈၂.၀၀သိန်းအား ထုတ်ချေးပြီးစီးပြီး ယခင်နှစ်ချေးငွေပြန်လည်ပေးဆပ်သူချေးငွေကျေပြီးသည့် ကျေးရွာအုပ်စုများမှ ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများအား ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ 

မောင်လွင်(စလင်း)