မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေ

မြို့သစ် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်းဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaginနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များက ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင်လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချရေး အသိပညာပေးပြောကြားပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကောက်ယူရှင်းလင်းခြင်း မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက်( We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်း၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန်စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့်ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)