ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၅၄၇၉၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၅၄၇၉၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံစိုက်ဧက ၁၄၀၃၄၅ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ မိုးသီးနှံများ စိုက်ပျိုးခြင်းကို မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ဖူးစားပြောင်း ၂၂၅၁ ဧက၊ နှံစားပြောင်း ၅၂ ဧက၊ ပဲမျိုးစုံသီးနှံ ၁၃၄၂၀ ဧက၊ ဆီထွက်သီးနှံစုံ ၂၈၅၅၆ ဧက၊ ချည်မျှင်ရှည်ဝါ ၁၃၉၆ ဧက၊ ကြံ ၈ ဧက၊ ထန်း ၂၂၂ ဧက ၊ ငရုတ်စို ၂၁၀ ဧက၊ ကွမ်း ၅၂ ဧက၊ အခြားစားသုံးသီးပင် ၃၉၃၀ ဧက၊ ပရဆေး(လျှော်ဖြူ) ၂၅၇ ဧက၊ ကျွဲနွားစာ ၃၆၇၇ ဧက၊ စားသုံးခြင်းမပြု သီးနှံ ၆၃၅ ဧက၊ အစေ့ကြားကြက်ဆူ ၄၈ ဧက၊ အထွေထွေစားသုံးသီးနှံ ၇၈ ဧက၊ စုစုပေါင်း သီးနှံစုံ ၅၄၇၉၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစုံဧက ၁၄၀၃၄၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ သီးနှံစုံ ၅၄၇၉၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ သီးနှံအလိုက် လျာထားချက်ဧကတွေ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တချို့သီးနှံတွေလဲ လျာထားချက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးတာတွေလဲ ရှိပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးဖို့ကျန်တဲ့သီးနှံတွေကိုလဲ ပြည့်မီအောင် ဆက်လက် စိုက်ပျိုးနေပါတယ်။ စိုက်ပျိုးပြီးတဲ့ သီးနှံတွေကိုလဲ အထွက်နှုန်းတိုးတက်စေဖို့နဲ့ အရည်အသွေးကောင်းသီးနှံများ ထွက်ရှိဖို့ ပိုမွှားရောဂါကင်းရှင်းရေး၊ မြေဩဇာနဲ့ သွင်းအားစုတွေ မှန်မှန်ကန်ကန် သုံးစွဲနိုင်အောင် ကြီးကြပ်ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် စပါးသီးနှံအပါအဝင် မိုးသီးနှံများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာကောင်းမွန်အောင် ပြုပြင်ရေး၊ မျိုးရွေးချယ်မှု မှန်ကန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် နည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားရေရိက္ခာ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေပိုမိုရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)