ပွင့်ဖြူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး စားဖိုဆောင်သီးနှံ ကျောက်ဖရုံသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ ကျောက်ဖရုံသီးရောင်းချခြင်းဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရ သည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ကြက်ဟင်းခါး ၊ သခွါး ၊ ပိန်းဥ ၊ အာလူး ၊ ကြက်သွန် ၊ ငရုတ် ၊ ကန်စွန်း ၊ ချဉ်ပေါင် ၊ ကိုက်လံ ၊ ဆူးပုပ် နဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးတို့ကို စိုက်ပျိုးကြပါတယ်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများတွင် ကျောက်ဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလဲ ကောင်းတယ်။ လက်ရှိဈေးကွက်မှာ ကျောက်ဖရုံသီးက အလုံးအကြီး/အသေး ပေါ်မူတည်ပြီး တစ်လုံးကို ငွေကျပ် (၃၀၀၀ ၊ ၄၀၀၀) ဈေးနဲ့ ရောင်းချနေရလို့ စိုက်ပျိုးတောင်သူတွေအတွက် ဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေနေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုမှ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးသည့် ဒေသခံတောင်သူ တစ်ဦးက ပြောပြသည်။
ကျောက်ဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် စနစ်တကျစိုက်ပျိုးပါက မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိစေသော သီးနှံဖြစ်ကာ စိုက်ပျိုးရာတွင်လည်း မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း သုံးပေခန့်ခွါ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပြီး ရေကို နှစ်ရက်ခြား၊ သုံးရက်ခြား တစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် ရောင်းတန်းဝင် ကျောက်ဖရုံသီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရ ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)