ဇီးကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘက်စုံပညာထူးချွန် လူရည်ချွန်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ဇီးကုန်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘက်စုံပညာထူးချွန် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား သီရိပျံချီ ဦးဉာဏ်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး မိသားစုတို့မှ (၁၄) ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားအား အ.ထ.က မြို့မ ကျောင်းသား ကျောင်းသူလေးများက "ပညာပန်းခင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုအလှူရှင် သီရိပျံချီ ဦးဉာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ သီရိပျံချီ ဦးဉာဏ်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး မိသားစု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး အောင်ချက်အကောင်းဆုံးဆု၊ တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး ကျောင်းဆုများ၊ ဘက်စုံပညာထူးချွန် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)