မြို့သစ် ဇူလိုင် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးခရိုင် မြို့သစ်မြို့နယ်ဦးစီးဌာနရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ဇူလိုင်(၁၁)ရက်က မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းအရှေ့ကျေးရွာ မိုးကုတ်ဝိပဿနာစည်ပင်သာယာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးရာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည်။
ယင်းနောက် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကျောင်းသား၊ ကျောင်းသူ (၁၆၈) ဦး၏ လက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ပြန်/ဆက်