မြောင်းမြ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တဇင်ကုန်းကြီးကျေးရွာအုပ်စု၊ ဘုရားငုတ္တိုကျေးရွာ၊ မြောင်းမြ-ပြင်ရွာကားလမ်းဘေး၌ လုံးပတ် ၁ ပေ ပတ်လည်ခန့်၊ အမြင့် ၁၅ ပေခန့်ရှိသော စိန်ပန်းပင်သည် မိုးတွင်းကာလ၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် မြေပျော့ကာ သစ်ပင်လဲကျနေလျက်ရှိရာ ယနေ့နံနက် (၆) နာရီက လမ်းဘေးသစ်ပင်လဲကျနေမှုများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့ပေါ်နှင့်ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)