မော်လမြိုင်ကျွန်းမြို့နယ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်ဝန်းအတွင်း၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးထံ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မည့် အစီအစဉ်များကို သတင်းပို့တင်ပြခဲ့ပြီး ရေဘေးအန္တရာယ်ဖြစ်ပွားသည့်ဖြစ်စဉ်ကို သရုပ်ဖော်ကာ လှေတိမ်းမှောက်မှုဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရေထဲမှပိတ်မိသူများအား အချိန်နှင့်တစ်ပြေးညီကယ်ဆယ်ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရရှိသူများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုကုသပေးပြီးနောက် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ပို့ဆောင်ခြင်းတို့ကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့သို့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ရေဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ကယ်ဆယ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုမြှင့်တင်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း တိုးတက်စေရေးအတွက် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)