တောင်တွင်းကြီး ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၁၁ ရက်နေ့ အထိ အခြေခံပညာကျောင်းပေါင်း ၈ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၂၄ ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ရတနာဒေဝီ) ၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျောင်းရှိ အသက် ၁၀ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညဏ်သိန်းနှင့် ဦးလွှမ်းမိုးထက်၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား နေ့ချင်းပြီး အခမဲ့ထုတ်ပေးခဲ့ကြောင်းသိရပြီး ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း ဇူလိုင်လ ၃၁ရက်မတိုင်ခင်အပြီး ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူးထံမှ သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)