ကျုံပျော်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

ကျုံပျော် ဇူလိုင် ၁၂

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းများသည် အစိုးရဌာနများနှင့် ပြည်သူများအကြား ဆက်သွယ်မှု ပိုမိုကောင်းမွန်စေပြီး၊ ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများ၊ အကြံပြုချက် များကို တိုက်ရိုက်နားထောင်ကာ သက်ဆိုင်ရာဌာနများသို့ တင်ပြဆောင်ရွက်နိုင်သည့်အတွက် ပြည်သူနှင့် အစိုးရအကြားနားလည်မှု၊ ယုံကြည်မှုနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာ‌စေကြောင်း၊ ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေ‌ ကြောင်းနှင့် ပြည်သူများ၏ အသံကို နားထောင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော ဆက်သွယ်ရေးပလက်ဖောင်း တစ်ခုဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက ပြည်သူစကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးထွန်းထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချိုနိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကိစ္စများအား  ဆွေးနွေးမေးမြန်း ကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)