မင်းလှ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါနှင့်ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မင်းလက်ဝါးခန်းခ)၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ဇင်မာအေးက တီဘီရောဂါ နှင့် ရာသီတုပ်ကွေးအကြောင်း၊ ရာသီတုပ်ကွေးရောဂါလက္ခဏာများ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများနှင့် လိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံက ကျောင်းသား၊ ကျောင်းသူများ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ဆေးဘက်ဝင်အပင်များအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိ ပညာပေးဟောပြောခဲ့ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးတို့ကို ဆေးကုသမှု ဆောင်ရွက်ပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၃၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)