ချောက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP) ဖြင့် ပြည့်ပင်ကျေးရွာအုပ်စု၊ မိုလာကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် (၁၅၀) သိန်း၊ မိုလာကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် (၁၅၀) သိန်း၊ စုစုပေါင်း ငွေကျပ် (၃၀၀) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် (၅၀၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာလူထုမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုလာကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ မိုလာကျေးရွာတွင် အိမ်ခြေ (၂၆၇) အိမ်၊ လူဦးရေ (၁၀၇၆) ဦး ကျေးလက်နေ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)