သရက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ “ရွှေနီအောင်သိန်း” ဖောင်ဒေးရှင်း၏ သရက်မြို့နယ်၏ မူလတန်းပညာသင်စရိတ်ထောက်ပံ့ရေးအစီအစဉ်၏ မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ မူလတန်းကျောင်းဝင်နှုန်းမြှင့်မားလာစေရန်၊ ကျောင်းသားတိုင်း ကျောင်းနေမြဲပြီး (KG+9) ပညာသင်ပြီးဆုံးသည်အထိ သင်ယူခွင့်ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်၊ မြို့နယ်၏ပညာရေးပုံရိပ် ပိုမိုတင့်တယ်လာစေရန်နှင့် ပညာရေးဌာန၏လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန် အဓိကရည်ရွယ်၍ (၂၃)ကြိမ်မြောက် မူလတန်းပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲကို နံနက် ၉ နာရီက သာသနာ့ဗိမာန်တွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးလှမြင့်က အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်နှင်းဆင့်က ပညာရေးလမ်းညွှန်အမှာစ ကားပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး “ရွှေနီအောင်သိန်း” ဖောင်ဒေးရှင်းလုပ်ငန်းကော်မတီ ဥက္ကဌ ဦးစန်းအောင်က “ရွှေနီအောင်သိန်း” ဖောင်ဒေးရှင်း၏ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာအလင်းရောင် တိုးမြှင့်ရေး ထွန်းညှိရေး ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆုချီးမြှင့်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦးအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ပြီး မူလတန်းပညာသင်ထောက်ပံ့ပစ္စည်းများကို ကျောင်းပေါင်း(၈၁) ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၃၀၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)