ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်  MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းလမ်းညွှန်ချက် သင်တန်းဖွင့်ပွဲ တက်ရောက်

ပုသိမ်    ဇူလိုင်   ၁၂

ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင် များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမှာစကားပြောကြားပြီး  ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ၊ စည်ပင်သာယာရေး ဝန်ကြီးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းကို နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် TAL Trading ကုမ္ပဏီလီမိတက်မှ  ဖျာပုံမြို့ရှိ ငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား ခွင့်ပြုချက် PO ဖြင့် စက်သုံးဆီခွဲဝေဖြန့်ဖြူးပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်သည်။

ထို့နောက် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်း ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွားများအံကပ်တပ်ဆင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သက်ကြီးဘိုးဘွားများအား အံကပ်များတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကာ လာရောက်ပြသသည့် သက်ကြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီးနောက် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ်တစ်ဦးအား ဆက်လက်ကြည့်ရှုအားပေးစကားများ ပြောကြားသည်။

လှမင်းထွဋ်(ပြန်/ဆက်)