လွိုင်ကော် ဇူလိုင် ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် လွိုင်ကော်အား မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများစဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ သူနာပြုသိပ္ပံကျောင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သူနာပြုသိပ္ပံကျောင်းသို့ရောက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝင်းအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီကာလဖြစ်သည့်အတွက် ပေါင်းမြက်များမပြတ်ရှင်းလင်း၍ သန့်ရှင်းစွာဆောင်ရွက်ထားရှိရန်၊ မိုးတွင်းကာလအတွင်း ခြင်များမပေါက်ပွားစေရန်အတွက် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဥပဒေချုပ်ရုံး၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအစီအစဉ်အဖြစ် နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီပွားဘဝဖွံဖြိုးရေးအတွက် နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိကြရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည်လည်း ဥပဒေကို နားလည်တတ်ကျွမ်းမှသာလျှင် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း မိမိတို့မြေပြင်လုပ်ငန်းခွင်ရှိ လုပ်ငန်းများကို စီမံခန့်ခွဲရာတွင်လည်းကောင်း အမှားအယွင်းကင်းပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်လုပ်ငန်းလမ်းစဉ်များ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန် ဥပဒေနှင့်အညီ ထောက်ပံ့ကူညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၄၉)ဦး တက်ရောက်ပြီး သင်တန်းကာလ (၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)