မော်လမြိုင် ဇူလိုင် ၁၁
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်း၍ စိမ်းလန်းစိုပြည်ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့၍ ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွင် ပြည်သူအတွက် ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်မြို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှ ဆေးကုသမည့်အစီအစဉ်အား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ အထူးကုဆေးကုသရေး အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည့် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ အများပြည်သူအတွက် ကျန်းမာရေးကဏ္ဍအား အထူးအလေးပေးဆောင်ရွက်ပေးပါရန် ကျေးဇူးတင် အမှာစကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘာသာအရပ်ရပ် ကျွမ်းကျင်ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများက အများပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပေါ် လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ကျန်းမာရေးစောင့်ရှောက်မှုခံယူများအတွက် အဟာရ ဖြည့်စွက်စာများ ပေးဝေ၍ ပြည်သူအတွက် ဆေးကုသမှုအစီအစဉ်နှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စစ်ဆေးကုသခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် စစ်ဆေးကုသခြင်းခံယူနေသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ အဟာရဖြည့်စွက်စာများ ပေးဝေခဲ့ကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)