ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း၌ အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ပခုက္ကူ ဇူလိုင် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေးဗစ်ငွန်မန်ထန်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေများ၊ အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပခုက္ကူ) မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကြည်စိုးက မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် စက်ဘီးစီးနင်းသူများလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ပခုက္ကူ) မှ ရဲအုပ်ဝင်းလှိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာဥပဒေများကို အသိပညာပေးရှင်းလင်းဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁၂) သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောမှုများအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)