ကျောက်တံခါးမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး  

ကျောက်တံခါး ဇူလိုင် ၁၁           

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်းများအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများချိတ်ဆွဲဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ဌာနမှ ချမှတ်ထားသော မှန်ခြောက်မှန်နှင့်အညီ ပြည်သူများထံ အမှန်တကယ် ရောင်းချမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်မှန်ကန်စေရေး၊ ဆီအရည်အသွေးမှန်ကန်စေရေးနှင့် တရားမဝင်စားအုန်းဆီများ မရောင်းချရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ် (၁၈) ရပ်ကွက်နှင့် ကျေးရွာများသို့ အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စာလှယ်သုံးဦး၊ လက်လီအရောင်းကိုယ်စားလှယ် ၂၅ ဦးတို့မှ တစ်လလျှင် စားအုန်းဆီပီပါ ၈၉၁ လုံးရရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအိမ်ထောင်စုများသို့ အပတ်စဉ်ရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း လစဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)