လွိုင်ကော် ဇူလိုင် ၁၁
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဘောက်နန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကယားပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဒေါ်ဘောက်နန်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူသားအရင်းအမြစ်ပေါ်ထွန်းနိုင်ရေးအတွက် ရှေးဦးအရွယ်ကစ၍ ကောင်းမွန်စွာပြုစု ပျိုးထောင်နိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးမှာ အရေးကြီးဆုံးကဏ္ဍတစ်ရပ်ဖြစ်သဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဥပဒေပြဌာန်း၍ စံလုပ်ငန်းလမ်းညွှန်ချက်များ၊မူဝါဒအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်နည်းတို့ကို သင်ကြားခဲ့ရပြီးဖြစ်၍ မိမိတို့သက်ဆိုင်ရာနယ်ပယ်အလိုက် ပြည်နယ်အတွင်း ကလေးပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် များစွာအကျိုးသက်ရောက်မှု ရှိမှာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကမှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများမှ ဖားစည်သံ၊ မြန်မာမလေးပါရှင့် တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် သင်တန်းသူများ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို ဇွန်လ ၁၇ ရက်မှ ဇူလိုင် ၁၀ ရက်အထိ သင်တန်းသူ (၃၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည်။ ယင်းနောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)