စစ်တွေ ဇူလိုင် ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးက အသိဉာဏ်ဖွံ့ဖြိုးစ လူငယ်များစုဝေးရာ စာသင်ကျောင်းများသည် စာဖတ်ဝါသနာပျိုးထောင်ရေး၊ စာကြည့်တိုက်အသုံးပြုမှု အလေ့အထရရှိရေးအတွက် အခြေခံအုတ်မြစ်များဖြစ်၍ အနာဂါတ်ခေါင်းဆောင်များ ကိုမွေးထုတ်ပေးမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်လှကြောင်း၊ ထို့ကြောင့် ပညာရေးသည် ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည့် အရည်အသွေးဖြစ်များ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့်လိုအပ်ချက်များဖြစ်ကြောင်း၊ အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများက အားလုံးဝိုင်းဝန်းပြီး ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင်များ လှူဒါန်းကြရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)