ကြို့ပင်ကောက်မြို့၌ ဗီယက်နန်စပါးမျိုးအား အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ကြို့ပင်ကောက် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ဗီယက်နန်စပါးမျိုးအား အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က သခွပ်ကုန်းကျေးရွာ တောင်သူ ဦးကျော်ရဲအောင်၏ လယ် (၅)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပါင်းပြီးဆောင်ရွက်ခဲ့သည်။

တောင်သူများ ကြုံတွေ့ရသည့် လုပ်သားရှားပါးမှု၊ စိုက်ပျိုးရေးစရိတ်ကြီးမြင့်မှု စသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပင်ပွားထွက်နှုန်း ပိုကောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းရန် လွယ်ကူခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်းတို့ကြောင့် ပန်းတိုင်အထွက်ကိုလည်း ရရှိနိုင်မည်ဖြစ်၍ တောင်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်ပြီး ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြာင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဗီယက်နန်စပါးမျိုးအား အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)