စစ်တွေ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မိုးရာသီ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပခြင်းအားဖြင့် ကျောင်းသားများ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်လာစေရန်၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို ရှောင်ရှားနိုင်ရန်၊ ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ကျန်းမာ ကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်စသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ ကိုယ်ကာယကြံ့ခိုင်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားသည့်အရွယ်တွင် ကိုယ်လက်လှုပ်ရှားမှုများနှင့်အားကစား ဆောင်ရွက်မှုများကို စနစ်တကျလုပ်ဆောင်လာစေရေး၊ လူငယ် လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေး စသောအကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသားများအနေဖြင့် အားကစား စိတ်ဓါတ်ကိုအရင်းခံ၍ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိသည်အထိ ကြိုးစားယှဉ်ပြိုင် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအတွက် အားကစား ပစ္စည်းများပေးအပ်ပြီး အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအဖြစ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း အသင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စက်ရုံစု အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာ ဌာနများက အချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို တက်ရောက်လာသည့် ကော်မတီဝင်များက တက်တက်ကြွကြွပူးပေါင်း ပါဝင်အကောင်အထည် ဖော်ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အဆင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး