ငါန်းဇွန်မြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဟောပြော

ငါန်းဇွန် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာဇော်မင်းထက်နှင့် ကျန်းမာရေးဆရာမ (အစိမ်းဝတ်) ဒေါ်သိမ့်သိမ့်မြင့်အောင်တို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များလိုက်ပါလျက် ဇူလိုင် ၉ ရက် နံနက် နာရီကစ၍ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားကျန်းမာရေးနှင့် မျက်စိဝေဒနာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဆရာမ ဒေါ်သိမ့်သိမ့်မြင့်အောင်က ကျောင်းသား/ကျောင်းသူများအား အာဟာရနှင့် ဘေးကင်းစိတ်ချရသော အစားအစာများ (Food Safety) အကြောင်း ပြောကြားရာတွင် သဘာဝအစားအစာများကိုသာ စားသုံးရန်၊ ကိတ်မှုန့်၊ ပေါင်မှုန့်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ အချိုရည်ဘူးစသည့် အသင့်စားအစားအစာများသည် အဆီဓာတ်များပြီး ကျန်းမာရေးနှင့် မညီညွတ်ကြောင်း၊ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝရန်လိုအပ်သလို ဦးနှောက်အတွက် အာဟာရပြည့်ဝရန်လိုအပ်ကြောင်း၊ မိမိတို့နေ့စဉ် စားသောက်နေကြသော အစားအစာများသည် ဘေးကင်းရန် အာဟာရပြည့်ဝရန်လိုအပ်ကြောင်း၊ ခေါင်းအုံးဖုံး၊ စောင်၊ ခြင်ထောင်၊ မျက်နှာသုပ်ပဝါနှင့် အဝတ်အထည်များကို စိုထိုင်းမှုနှင့် အနံ့အသက်ကင်းစင်စေရန် အမြဲသန့်ရှင်းအောင် ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ မနက်တစ်ခါ ညတစ်ခါ မျက်နှာသစ်သွားတိုက်ကြရန်လိုအပ်ကြောင်း၊ အိပ်ယာဝင်ချိန်တွင် သန့်ရှင်းသည့် ညဝတ်အင်္ကျီ သီးသန့်ထားဝတ်အိပ်ပါက ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ လှချင်တယ်ဆို ပါကအလှပြင်ပစ္စည်းများ ဝယ်သုံးရန်မလိုကြောင်း၊ ခန္ဓာကိုယ်ကျန်းမာပြီး အာဟာရပြည့်ဝပါက ခန္ဓာကိုယ် လှပနိုင်ကြောင်း၊ နေ့စဉ် ကြက်ဥ၊ ငှက်ပျောသီး၊ နွားနို့ နှင့် အသားဓာတ်ပါသောအစားအစာများ၊ အရောင်စုံသော ဟင်းသီးဟင်းရွက်များ စားသုံးပါက အသားအရေစိုပြေ လှပပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေနိုင်ကြောင်း စသည်ဖြင့် အာဟာရနှင့်ဘေးကင်းစိတ်ချရသော အစားအစာများ(Food Safety)အကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေးဆရာမ ဒေါ်သိမ့်သိမ့်မြင့်အောင်ဦးဆောင်သော ဝန်ထမ်းများသည် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့်ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ခြေသည်းလက်သည်းများစစ်ဆေးခြင်း၊ လည်ပင်းကြီးရောဂါ ရှိ/ မရှိ စစ်ဆေးပေးခြင်း၊ အရေပြားရောဂါများ ရှိ/ မရှိ စစ်ဆေးခြင်း၊ မျက်စိဝေဒနာ ရှိ/ မရှိ စစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်၍ လိုအပ်သည့် ဆေးဝါးများ၊ ကုသမှုများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သွားရောဂါဌာနမှ ဒေါက်တာဇင်မင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များသည် KG နှင့် Gread 1 မှ ကျောင်းသား/ ကျောင်းသူများအား သွားကျန်းမာရေးနှင့်ပတ်သက်၍ မနက်၊ တစ်နေ့နှစ်ကြိမ် သွားတိုက်ရန်လိုအပ်ကြောင်း၊ သွားမှ အက်စစ်အရည်များကို အစာစားပြီးတိုင်း ထုတ်လွှတ်ပေးနေကြောင်း၊ ထိုအက်စစ်ရည်များသည် သွားသန့်ရှင်းမှုမပြုလုပ်ပါက သွားများရှိကြွေများကို စားသွားကြောင်း၊ သွားကျန်းမာရေးအတွက် အချိုရည်ဗူးများကို သောက်သုံးခြင်း၊ ကွမ်းစားခြင်း၊ အချိုဓာတ်ပါသော အစားအစာများကို အလွန်အကျွံစားသုံးခြင်းများ မပြုလုပ်သင့်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများကို လက်တွေ့သွားတိုက်နည်းများ သင်ပြကာ လက်တွေ့သွားတိုက်စေခဲ့ကြောင်း သိရသည်။

၎င်းနောက် ဒေါက်တာ ဇင်မင်းထက်၊ ကျန်းမာရေးဆရာမ ဒေါ်သိမ့်သိမ့်မြင့်အောင်တို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များသည် ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးလိုက်ပါလျက် ကျောင်းဈေးတန်းရှိ မုန့်ဆိုင်များ၊ ရေလောင်းအိမ်သာများကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို ပညာပေးမှာကြားခဲ့ကြောင်း သိရသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များသည် မွန်းလွဲ ၂ နာရီတွင် ငါန်းဇွန်မြို့၊ ကိုယ်အားကိုယ်ကိုး မူကြိုနှင့်နေ့ကလေးထိန်းကျောင်းသို့ သွားရောက်၍ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ လက်မောင်းတိုင်းပေးခြင်းများပြုလုပ်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)