တောင်ကြီးမြို့၌ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မာစေရေးအတွက် Bakery နှင့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

တောင်ကြီး ဇူလိုင် ၁၀

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးတက်လာစေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery နှင့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအား ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နဘ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများက လက်ခံရယူကြကြောင်း သိရှိရသည်။ အဆိုပါ Bakery နှင့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းအား ပထမအကြိမ်အဖြစ် ဇူလိုင်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်အား ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိလည်းကောင်း သင်တန်းနည်းပြ(၂)ဦးဖြင့် သင်တန်းသား/သင်တန်းသူ (၁၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)