ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၁၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့၊ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ်ကြီးအား ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးသို့ သွားရောက်ပြီး ဈေးသစ်အပြီးသတ် ဆက်လက် တည်ဆောက်နိုင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆင့်မြင့်သီရိ မင်္ဂလာဈေးတွင် (၂၂၅ပေ x ၃၀ပေ) Steel Structure နှစ်ထပ် ဈေးရုံ စတင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် အပိုင်းလိုက် ဆက်လက်ဆောင်ရွက်မည့် ဈေးရုံ၊ ဈေးဆိုင်ခန်းများ တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ဈေးဝယ်ပြည်သူများ အနှောင့်အယှက် အဖြစ်စေရေး စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည် များပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုန်စိမ်းတန်း ပျံကျဈေးရုံသစ် များ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်မည့် ပျံကျဈေးရုံနေရာများကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ပြီးစီးပါက ဆိုင်ခန်းများ စနစ်တကျ နေရာချထားပေးရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။ ထို့နောက် ဈေးရုံများအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး  ဈေးသူဈေးသား များနှင့် ဈေးဝယ်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်