ဒေးဒရဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(အေးရွာသစ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွဲ (၂) နာရီက အေးရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် အခြေခံပညာကျောင်းများအရောက် လူငယ်စကားဝိုင်းများ၊  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း