ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းများအား ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုရှိ ဆိုလာရေတင်စနစ်မှ စိုက်ပျိုးရေဖြန့်ဝေပေးမည့် မင်္ဂလာမြောင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများကို တွေ့ဆုံကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိသော လယ်မြေဧက ၆၀၀ ပေါ်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးဆောင်ရွက်ကြရန်၊ ယင်းသို့စိုက်ပျိုးရာ၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးသွားကြရန် ဆွေးနွေးပြောကြားပြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေများနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန် စေရန် နည်းပညာပေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တောင်သူများက ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလို့သည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေးအတွက် သုံးထောင့်ဆိုလာစနစ် ရေတင်စီမံကိန်း၊ ဆူးပန်းဆိုလာစနစ် ရေတင်စီမံကိန်းနှင့် ကြေးချဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းခွင်များသို့သွားရောက်၍ စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ဆဲရေတင်စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ဆောင်ရွက်ပြီးစီးရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)