အောင်လံမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အောင်လံ ဇူလိုင် ၁၀

​မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက အ.မ.က(မူလွန်) စက်ရုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 ​ဦးစွာ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များအနေဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုသိရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ဗဟုသုတအမြင်များတိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

​ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိအေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ အာဇာနည်နေ့အကြောင်းနှင့်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို သိတတ်ကျေးဇူးဆပ်ကြရန် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ​ထို့နောက် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏အတ္ထုပ္ပတ္တိများ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)