ငါးသိုင်းချောင်း ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းမှ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ရာမကြီး ဒေါ်ဆွေဆွေဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ ဦးမင်းခန့်ဇော်က ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ မြို့မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်သိမ့်သူဇာငြိမ်းက သွေးလွန်တုပ်ကွေးရောဂါများမဖြစ်ပွားစေရန်အတွက် ခြင်ပေါက်ပွားနိုင်သည့် နေရာများအား အထူးရှင်းလင်းဆောင်ရွက်ရန်နှင့် ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ပါကြောင်း ထို့ပြင်ကလေးငယ်များကို သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီသွား ရောက်ပြသကုသမှု ခံယူသင့်ကြောင်းနှင့် တက်ရောက်လာသူများအား အပြန်အလှန်နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းများအပြင် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ခြင်းများကိုပါ တစ်ပြိုင်တည်း အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)