မော်လမြိုင်ကျွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းငုဝါဆောင်ခန်းမ၌ လူငယ်များ၏ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်နှင့် မှန်ကန်သော အသိအမြင်များရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေး ဥပဒေ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရွေးချယ်အသုံးပြုရေးဆိုင်ရာ အသိပညာများကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်သည့်အလေ့အထကောင်းများနှင့် အသိပညာဗဟုသုတ တိုးပွားရေး တို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ဖြစ်ပွားချိန် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ (၃၂၆) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)