သရက်မြို့ ၌ မိုးစပါး (အောင်နိုင်တိုး) လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

သရက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မိုးစပါး (အောင်နိုင်တိုး) လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရုံးရပ်ကွက် အကျဉ်းဦးစီးဌာနပိုင် လယ်မြေ (၁.၀၀) ဧကတွင်  ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ‌တောင်သူများ ကြုံတွေ့ရသည့် လုပ်သားရှားပါးမှု၊ စိုက်ပျိုးရေးစရိတ်ကြီးမြင့်မှု စသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပန်းတိုင်အထွက်ကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက လက်ဆွဲကောက်စိုက်ဖြင့် စိုက်ပျိုးရခြင်း၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းပြောကြားပြီး တောင်သူများ သိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)၊ အမှတ် (၂)၊ သရက်ခရိုင်/ မြို့နယ်စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကြီးကြပ်အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)