ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံလျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ပဲစင်းငုံ ၆၅၉၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ "ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲစင်းငုံ ၅၉၁၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၆၅၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ စိုက်ပျိုးထားတဲ့ ပဲစင်းငုံစိုက်ခင်းတွေ အထွက်နှုန်းတိုးတက်စေဖို့၊ ပိုးမွှားရောဂါကင်းရှင်းစေဖို့ တောင်သူတွေကို စိုက်ပျိုးရေးအသိပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။ တောင်သူတွေက ပဲစင်းငုံကို သီးသန့်စိုက်ပျိုးကြသလို ဝင်ငွေတိုးပွားရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစတဲ့ သီးနှံများနဲ့ သီးထပ်သီးညှပ်အနေနဲ့လဲ စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံစိုက်ပျိုးတောင်သူများကို ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ GAP စိုက်နည်းစနစ်နဲ့အညီစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပဲစင်းငုံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေသည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့်ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ပဲစင်းငုံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)