ဘားအံ ဇူလိုင် ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ် အိန္ဒုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ခနိမ်းဒိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်မှာစာပေ ပဒေသာဝေဆာစေသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကအလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိ(Kahoot Quiz)ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ပါဝင်ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ၊ စာရေးဆရာမများကို ကိုလည်းကောင်း၊ အကဲဖြတ်ဒိုင်များကိုလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများတွင်ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဘုရားကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ လွန်းညအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ပန်းတိုင်းပွင့်ပါစေသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေ တင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)