ဘိုကလေး ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စု၊ ကျောင်းစုဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ကြီးကြပ်မှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၏ ဦးဆောင်ကျင်းပမှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။
ပြည်သူ့စကားဝိုင်းကျင်းပရာသို့ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ ညီနောင်ဝကျေးရွာအုပ်စု၊ ညီနောင်ဖျားကျေးရွာအုပ်စု၊ မလော့ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား (၃၀၀) ခန့် တက်ရောက်ကြပြီး စကားဝိုင်းမကျင်းပမီ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြပြီး ဒေသခံပြည်သူများကလည်း ၎င်းတို့ဒေသများ၏ လမ်း၊ တံတားဆိုင်ရာလိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းလိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြကြကြောင်းနှင့် ပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)