စစ်တွေ ဇူလိုင် ၉
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်လျာထား လုပ်ငန်းများအား တစ်ခုချင်းမြေပြင်ကွင်းဆင်းစိစစ်ပြီး အမှန်တကယ်လိုအပ်၍ အများပြည်သူ တိုက်ရိုက်အကျိုးရှိစေမည့်လုပ်ငန်းဖြစ်စေရန် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သဖြင့် ခွင့်ပြုလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် စက်ယန္တရားများဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုထိရောက်မြန်ဆန်သည့်အတွက် စက်ယန္တရား လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း သားငါးကဏ္ဍဖူလုံစေရေးအတွက် မွေးမြူရေးဆိုင်ရာကဏ္ဍတွင် စည်ပင်သားငါးလေလံလိုင်စင် ရရှိသူများအား ကြီးကြပ်၍ စည်ပင် သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ စစ်တွေမြို့သည် အမှိုက်ကင်းစင်သော မြို့တော်ဖြစ်စေရေး ကြိုးစား ဆောင်ရွက်နေခြင်းအပေါ် သိသာသောပြောင်းလဲမှုများအား အများပြည်သူများ မြင်တွေ့ခံစားနေရပြီဖြစ်ကြောင်း၊ လုပ်ငန်းများသည် အရည်အသွေး ပြည့်မီရမည်ဖြစ်၍ ပြည်သူများကိုတိုက်ရိုက် အကျိုးပြုသော စည်ပင်သာယာရေးအဖွဲ့ဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)