ကယားပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် မြို့သာယာလှပရေး မြေယာရှုခင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိသည့် မြေယာရှုခင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာရန်ရှိသူများသည် လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံသို့ ရောက်ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ရေဆင်း-၁ ပေါ်ဆန်း စပါးမျိုး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပိုက်ဆံလျှော်အပါအဝင် ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရေးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးသစ်များ စဉ်ဆက်မပြတ် ဖော်ထုတ်ရန်၊ ဖြန့်ဖြူးရန်နှင့် တောင်သူများအတွက် စံပြစိုက်ခင်းဖြစ်စေရေး စီမံဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသော ကန္ဒရဝတီလမ်းပေါ်ရှိ ပန်းခြံအမှတ်(၁)၊ ကန္ဒရဝတီလမ်းနှင့်ခရေလမ်းထောင့်ရှိ ပန်းခြံအမှတ်(၂)၊ ကန္ဒရဝတီလမ်းနှင့် နွယ်နီ-၁ လမ်းထောင့်ရှိ ပန်းခြံအမှတ်(၃) သို့သွားရောက်ပြီး ပန်းခြံသာယာလှပရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မြို့တော်အား သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေးအတွက် ပန်းအလှပင်များအား စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)