ထားဝယ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင်

ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ထားဝယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ဆရာ/မများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းအသင်းက အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲတစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဒုတိယဆုရရှိသည့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပထမဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်စိုးက တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး ကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်က တံခွန်စိုက် ဆုဖလားပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)