ထားဝယ် ဇူလိုင် ၇
ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်း ပေါင်းစုံအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ထားဝယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ဆရာ/မများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းအသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆု ချီးမြှင့်ပြီး ဒုတိယဆုရရှိသည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တစ်ဦးချင်း ဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပထမဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းအားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးဒုတိယရဲမှူးကြီးအောင်စိုးက တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး ကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်က တံခွန်စိုက်ဆုဖလားပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)