ဘားအံ ဇူလိုင် ၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်(၃)နှစ်မှ(၅)နှစ်အထိ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဆင်းပွဲကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီက ဘားအံမြို့ လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းဆရာမများအနေဖြင့် သင်တန်းကရရှိသည့်အတွေ့ အကြုံ၊ ဗဟုသုတ၊ နည်းပညာများကို လုပ်ငန်းခွင်တွင် အမှန်တကယ်ပြန်လည်အသုံးချပြီး လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်အောင် မိမိရပ်ရွာရှိ မူကြိုအရွယ်ကလေးသူငယ်များကို နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တို့က သင်တန်းထူးချွန် ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်အဆိုပြုလွှာများကို ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကထံ ပေးအပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းဆရာမများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းဆင်းဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသူ ၃၂ ဦးက တစ်လကြာသင်တန်းတက်ရောက်ပြီးစီး၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးကာ ကလေးငယ်များ ကာယ၊ဉာဏဖွံ့ဖြိုးရေးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြသည့် ကရင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသား၊သမီးများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအားလုံး မိမိတို့၏အိမ်မက်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပညာရည်မြင့်မားကာ အနာဂတ်နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လေးဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူနှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူနှစ်ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းရွှေက တစ်ဘာသာဂုဏ်ထူး ဖြင့်အောင်မြင်သူ နှစ်ဦးနှင့် ရိုးရိုးအောင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ ယနေ့အခမ်းအနားတွင် ကျောင်းသား၊ကျောင်းသူ ၁၃ ဦးအား စုစုပေါင်းငွေကျပ် ၂၉၄၀၀၀၀ ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)