စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ

စစ်ကိုင်း ဇူလိုင် ၇

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ လင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က  မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ ဝင်လမ်းထွက်လမ်းများကောင်းမွန်စေရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့်  လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ကြောင်းသိရသည်။ 

နေလင်းအောင်(ပြန်/ဆက်)