ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

လွိုင်ကော် ဇူလိုင် ၇

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လူမှုရေးရာဝန်ကြီးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့၏ ဂုဏ်ပြုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများနှင့် စာအုပ်စာစောင်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ စာအုပ်စာပေဖြင့် နှစ်သက်မွေ့လျော်ပြီး စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ချီးမြှင့်ငွေများ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ စာပေဆိုင်ရာဟောပြောသည့် စာရေးဆရာမ မဟူရာ (လွိုင်ကော်) အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင်ငွေများကိုလည်းကောင်း ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများက ထာဝရသစ္စာသီချင်းနှင့် ဇာတိမာန်သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၆ ရက်မှ ၇ ရက်အထိ ကျင်းပရာ စာပေဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)